မှောင်ညနရီ

သက္ခရာဇ်အဟောင်းတစ်ခုကို

ဖိနပ်တရံလုပ်ပြီး

စီးနင်းတဲ့  . . .

တနင်္ဂနွေရဲ့   

 

ဖြူ-စုပ်-ငြိုး နေရှာတဲ့ မျှော်လင့်ချက်

ရင်ခွင်ပိုက်လွင့်လို့. . .

ပျောက်ဆုံးသွားတဲ့

နာရီဓါးသွားအောက်က

လောကဓံထိုးစိုက်ချက်ထဲမှာ

ရှောင်လိုက်ရှားလိုက် . . .

 

အမေးတွေကတော့ကြိုလို့

အဖြေက တောင်ကွယ်မှာရှိမှာပါ့ကွယ်

 

ဂစ်တာအိုကို ကြိုးငြှိ

နှင်းထဲမှာလွမ်းသူကိုရှာသလို

ငိုသံကိုရစ်သမ် ခက်မိသွားတာပါ

ကောင်းကင်နဲ့မြေမှာ

နေရာတွေကိုမထွင်းချင်းတော့

ပေါက်ချွန်းစုတ်စုတ်ကိုပဲ မီးသင်္ဂြိုလ်လိုက်တယ်

 

ရာသီကိုလွယ်အိပ်ထဲ အတင်းထိုးသွတ်

ညလက်တံတွေခိုလို့

တိုးသဲ့သဲ့ အလင်းဆီ . . .

နာကြည်းချက်ကလမ်းပြ

 

ရထားကဘူတာကိုနှုတ်ဆက်

ကတိရဲ့ သက်သေမှာ ငါသေဆုံးသွား

ညကိုသူလိုကိုယ်လိုပဲ

ထားလိုက်ရတယ် . . .

အမှားတွေကရင်ကိုတူးဆွ

အသိကို တစိမ့်စိမ့်စားပေါ့ . . . . .

 

ဝိရောဓိစိတ်က ညကို ချော့သိပ်လို့

လမ်းတဝက်မှာ ကြယ်သံလေး ကျပျောက်သွားခဲ့ရတယ်

ညဟာ . . . နှုတ် - တိတ် - သက် - ငြိမ် . . . ။

ဒီညရဲ့ ကောင်မလေး

ငါ့လက ကွေးကွေးလေးပါပဲ
တိမ်ညို စကားလုံးတွေနဲ့
ကွယ်ထားခံရရင်း … ကြိုးငြှိတက်လာပြီ

ကောင်မလေးရေ . . .

အဲဒီညကပေါ့. . .
ကြီးထန်စွာ မိုးစက်တွေ
ဖျန်းပက်တယ်လေ
ငါ နင့်အတွက်
ပင်လယ်လို အုပ်အော်သောင်နင်း
လေသံ မိုးသံတွေ ပေးခဲ့မိတယ်

ကြယ်ကိုမှအလင်းရောင်မပေးနိုင်တဲ့
လရယ်ပါ ကောင်မလေးရဲ့. . .။

နင့်နှုတ်ခမ်းက လေပြေဆော့ကစားရုံလေးနဲ့
တိမ်လို မြူလို ပင်လယ်မှာရွက်လွင့်တတ်လာတော့
လေကြမ်းကိုလဲ ဝါးမြိုခပ်ထုတ်တတ်လာပြီ

မျက်လုံးက ပွင့်ဖက်
အလွှာ အလွှာ
နှင်းဆီဖူးရောင်သမ်းနေမယ့်
နင့်နှုတ်ခမ်း ဆူးချက်ပေါ်ကို
သွေးအထပ်ထပ်စွပ်လဲ
ငါ လင်းမြဲလင်းနေဦးမှာပါ

ချန်တွယ်ပစ်တဲ့ ဗုံးတစ်တောင့်
ရောက်မှပေါက်ကွဲမှုစခဲ့ရင်
နင့်သံစဉ်တွေကြားမှာ
တယောအို တစ်လက်ကို
ခုတ်ထွင်းရှင်းလင်းသလို
အပါးက သေစေအမိန့်ပေးပါ
ကောင်မလေးရယ်. . .။ ။

တခြမ်းမနိုးတဲ့ သစ်ရွက်ခြောက်ကလေး

ည. . .အမှောင်က

တပြိုက်ပြိုက်ကျ

ရစ် - ဖွဲ - နှောင်- တုပ်ပြီး

ရင်ခွင်တန်းလန်းနဲ့ ဖွင့်ချလိုက်ချင်ရဲ့ . . .

အစုပ်စုပ်ပွင့်ကြ

ခေတ်အဆက်ဆက်ကို

ဖြတ်သန်းလွန်မြောက်တဲ့ အတိတ်

အလင်းသိုက်မှာ တိုးရင်း . . . .

မရှင်းလင်းတဲ့ နွေ

ဖွဖွလို့ ခိုးသွားပြီ ကောင်မလေးရေ. . .

တိမ်ခင်းလမ်းရဲ့ အထက်

တောင်တွေမိုးတဲ့ အဝေးက

နွေတစ်ရာလိုပဲကွယ်. . .

သက္ကရာဇ်အတွက် ဖိနပ် အစောင်းတစ်ခု

ဘယ်အရာက သိစွမ်းမှာလဲပေါ့

ဒီလိုနဲ့ . . .

နာရီက အိမ်ပြန်ချိန် မေ့နေပြီလေ

စံပယ်တွေ

ပုန်းခိုဝင်နားတော့

နံရံတွေ မိုးရာသီထဲ

ခြေဆန့်တယ်

ပင်ကွင်းငှက်လေးက

တိုးတိတ်လို့ သွားဖော်

ဆောင်းဥတုကို လွမ်းကြောင်း

ပြောနေရှာတယ် . . .

ငါ့ဘဝက

သောင်အတု၊ တောင်အနက်နက်တွေနားမှာ

ဂစ်တာတစ်လက်နဲ့

ချွန်းသွေးတစ်ခွက်သာရှိ

အရာရာပြီးပြည့်စုံချင်ဖူးရုံလေးပါ. . ။ ။

ညီမလေးရွာခဲ့တဲ့ မိုး

တိမ်ညိုတို့ စီးချင်းထိုး
ပြိုတော့မယ့် မိုးရဲ့ ငိုသံ
တား - ထား - ခွင့် - လွင့် - ပြယ်. . .

နက္ခတ်တရာထဲက မိုး
ထစ်ချုန်းမဆဲ ခင်. . .
ပန်းရိုင်းတို့ ကခုန်ကြ

နှင်းဆီရောင်သွေးတစ်စ ပိုက်လို့
ဟိုး . . . အဝေးက မိုးရာသီထဲ
လွမ်း . . . . . . . . . . . .

“ညီမလေးရေ. . .
ရာသီတွေအတွက်
အချိန်ဆိုတာ မလုံဘူး
မင်းအတွက် အလွမ်းတွေ
ဒီလိုပဲ ပွင့်တတ်ပါတယ်”

“မိုးစက်တွေက မြေပြင်ကို
ငုံ့နမ်းတဲ့ နေ့ရက်တွေကြားမှာ
အလွမ်းတွေဟာ ကြည်နူးဖိတ်လွင့်တဝက်နဲ့
မင်းစိုမှာစိုးတယ်’’. . .

“ရည်ရွယ်ချက်အတွက်
ယုံကြည်ချက်လက်နဲ့
ကိုးစားခြင်းမျိုးတို့က
ရေပြင်ကိုခိုးခိုးနမ်းလို့”

နာကျင်ခြင်းမရှိတဲ့
ပန်းရိုင်းဘာသာလေးနဲ့
မိုးရာသီ. . .
သိမ့်မွေ့နေတာ
ချစ်ခြင်းဆိုတဲ့ သဘာဝလေ

ကြယ်တွေမနိုးတဲ့ ည
အမှောင်ရဲ့တမ်းချင်းကို ကြားသလိုမျိုး
“လမင်းကသင်းကွဲ. . .
မြေပြင်ကဂစ်တာအိုတွေငို”. . .
မိုးတွေထဲ ကခုန်ကြတဲ့
“မြူးခို”သော ရင်ဘတ်တခြမ်း
ပျော်ရနိုး . . . ကြေကွဲရနိုးပါပဲ
ညီမလေးရယ်. . .

ဒီလိုပါပဲ . . .
လင်း ၊ မှိန် တလှည့်နဲ့
စကားလုံးပုတ်သိုးနေတဲ့ နေ့နဲ့ည
နေ့စဉ်စားသုံးနေလိုက်ကြတာ
“မိဆွေးသုန် လေးတောင်
မိုးရွာနေမြဲပေါ့ကွယ်”. . .

“မိုးစက်တွေထဲ ပန်းကောက်သူ”
လက်မှာ ဝှက်ထားရင်း
ရင်ခွင်ဝေးသွားလိုက်တာ
“ဝတ်မှုန် တခြမ်းကွဲ” လို့ပါလား
ညီမလေးရယ်. . .

“စည်းမျဉ်းတစ်ခုရဲ့ ဖွက်ထားတဲ့ သီချင်း”

ဒွိဟတို့ အန္ဓကိုမိုး
အတောင်တွေရုပ်. . .
ညတွေကို ငါကိုယ်တိုင်ရေးခဲ့တဲ့
အလကာင်္တစ်ပိုဒ်နဲ့ ဖွက်ခဲ့ပါတယ်

သိုးဆောင်းတလက်ရဲ့
အိပ်ရာဝင်သီချင်း. . .
ကိန်းဂဏန်းတွေရေတွက်
ရွာခဲ့တဲ့ မြေပြင်ထက်က မိုးကို
မျဉ်းပြိုင်တစ်ခုလို
အက္ခရာတွေမှည့်ကြ . . .

ကြည်နူးဖူးတဲ့လမ်းတအုပ်
ဒါ. . .
နင်ဆွဲဖြဲတဲ့ အဖြေလွှာလေးတရွက်လို
ငါကလည်း မမှန်ခဲ့ပါဘူး

မနက်ဖြန်ဆိုတာ. . .
စစ်တုရင်တကွက်လို
ရှေ့တိုးနောက်ဆုတ်ရုံနဲ့
ပွင့်လာစေတဲ့ တံခါးမှ မဟုတ်တာ

နင့်ကို လွမ်းတယ်. . .
ငါ့ကိုငါ လွမ်းတယ်. . .
သွေးရူးသွေးတန်းနဲ့
ဟစ်အော်ခေါ်တဲ့
ငါ့ အသံဟာ. . .
အသံတခုစာထိ မရောက်ခဲ့ဘူးလေ

ညကိုစားတဲ့ အလွမ်း
နေထွက်ရမယ့်မနက်မှာ
မျှော်လင့်ချက်ဖွဲ့တစ်မှုန်ကို အသက်သွင်းဖို့
နှင်တံထက် . . .
ကဗျာတွေက ရွာကြလို့. . .
ငါ ထွက်ခွာသွားလိုက်ပါ့မယ်ကွယ်. . .

“ ” ကို နှုတ်ဆက်ပါလို့
ခွဲခွာချိန်တခုနဲ့. . .
ညနေခင်းတွေကို စွဲဆန့်ဖို့
ဝှက်ဖဲတွေ ထုတ်မပြခဲ့တာ
ငါ. . . လွန်များလွန်နေသလားကွယ့်

ပြိုပါတော့ မိုးရယ်. . .
စိုပါတော့ မြေရယ် . . .
ထိုက်တန်တဲ့ သီချင်းအတွက်
ငါ့မိုးကို နင်းပါ
ငါသွေးကို စားပါ
ငါ့နွေကမ္ဘာကိုလည်း
ရုပ်သိမ်းလှည့်ပါတော့ကွယ်. . . ။ ။

ဝတ်ရုံထဲက အမှောင်

သွေးစို့စို့ ဒါးကိုပိုက်

ငြီး -နှင်း- ဝတ်- ရုံ

တစ္ဆေတွေ သီကြူးခံရတဲ့ ည

 

တိမ်နီတို့ “သင်း” ခံလိုက်ရ

ပြိုင်ပွဲထဲ အကတို့ဖလှယ်

ခန္ဓာတွေရုပ်လို့

ဝိညာဉ်တွေ ရွက်လွင့်

အမှောင်ထဲမှာ မှော်တွေစားသော  . . .

နာဂစ်. . . . . . . . . . . . . . . . . . . . .။

 

တောတိုးသံ ၊ ရင်ငြီးတိုးသံ

လောကတေးသံ တွေနဲ့  မေမေနှစ်ခြိုက်စွာအိပ်နေလေပြီ

သားထွေးခွင့် . . .

ဟိုး . . . . . .

 

မြေတွေအောက် လေကိုဆုန်လို့

သားရေခေါ်သံ

တိမ်တွေ ကွဲ. . . မိုးတွေစို

လက်ရေးတွေကိုသင်တဲ့ မေမေ

သားချောတေးတွေဆိုတဲ့  ဖေဖေ

ရင်ခွင်ပိုက်မယ့် မမရေ . . .

မောင်လေးတို့အိမ်အိုလေးကိုစားတော့မယ်

 

မိုးမြေတွေ အလဲအလှယ်

နောက်နေ့ဆိုတာကို. . .

သား မမှန်းနိုင်လို့

စိုနေတဲ့ မြေရနံတွေနဲ့

မမရေးလိုက်တာက  မောင်လေးရေ . . .

နာဂစ်. . . . . . . . . . . . . . . . . . . . . .။

                                                            (ညိုမင်းနိုင်)

 

(နာဂစ်တစ်နှစ်ပြည့် အမှတ်တရကဗျာ)

အကျဉ်းကျ အိပ်မက်များ

ဟိုတချိန်ကတော့အနာဂတ်အတွက်

ငါ့အိပ်မက်တွေ ထုထည်ကြီးမားအောင်

ဆောက်ကြမယ်လို့ . . .

လောင်းကြေးတွေ ပေး

အထပ်ထပ်မှ မတွေးရဲလောက်အောင်

ညတိုင်းက ငါ့အိပ်မက်တွေ

နိုးထရှင်သန်ခွင့်တွေ ပေးထားဘူးတဲ့ညနေလေးရေ . . .

နတ်သမီး ချည်နှောင်ခံထားရတဲ့

ငါ့ကမ္ဘာမှာလဲ နေမထွက်တော့ဘူး

မဟူရာအမှောင်တီး ညကြီးနက်နက်ထဲမှာ

ငါဆိုတဲ့ ကောင်က အမှောင်ဆိုးနဲ့ပျော်နေတတ်တော့ . .

အကျဉ်းကျ အိပ်မက်တွေကို

ဖွတ်စားနေကြပေါ့

 

ငါ့သွေးသားက အိပ်မက်

ငါ့ကမ္ဘာက အိပ်မက်

ဝေဟင်ထက်က လက်တွေကို

မျှော်ရင်းလည်း အိမ်အိုလေးထဲ

ခေါ်သံတွေတောင် ကွဲအက်ခဲ့ပြီ . . .။

 

အော်သံကြားတိုင်းမနိုးတမ်း သိမ့်လွင့်လို့

အိပ်မက်တွေ ထက

ရုန်းထွက် ကြိုးဖြတ်

နုတ်ထွက်ခွင့်တို့လည်း

ကျိန်စာတွေလို ကဗ္ဗည်းတင်သွားပြီ . . .

ကဗ္ဗည်းတင်နေဦးမယ်. . .။

အန္ဓဝိညာဉ်ရဲ့ ကြွေသံ

မြေမှုန်တွေ လေပြေလေးထဲမှာ

ပျော်ရွင်စွာ ကစားချိန်မှာတောင်

အန္ဓတစ်ကောင် စိတ်ရှိရာ

ရွက်လွင့်လို့. . .

 

ညနေလေးရေ. . .

ဟေမာန်ဆောင်ရဲ့

ရနံတွေမကင်းတဲ့

ညတွေထဲရင်ကွဲတေးတွေနဲ့အတူ

ခပ်နုံနုံကောင်တစ်ကောင်ကို

မှော်ဝင်ရီတွေထဲမှာထားခဲ့ပါတော့ . . .

ဝိညာဉ်လေးရယ်. . .

 

ညတွေကိုကြိုမယ့်

ကြယ်လေးပျော်ပါစေကွယ်. . .

လမင်းတဖက်ကငိုသံ သဲ့သဲ့လေးကြားရင်

မိုးနဲ့မြေကြားက ကောင်ကိုစတေးပြီး

ပျော်နိုင်သူတချို့ ပွဲတော်တည်လှည့်ပါကွယ် . . .

 

ငါ့သွေးသားနဲ့ခန္ဓာ

လိုရာကိုသုံးတော့

ပင်လယ်နဲ့ကြယ် တိုင်တည့်ပြောပြီး

အိမ်ပြန်ချိန်တွေကို

ငါမေ့ထားရင်းက တစ်ရေးနိုးခဲ့ပြီ. . .

 

တစ္ဆေတစ်ကောင်လို

ချောက်လှန့်တဲ့ နင်အတ္တတွေ

ငါကမ္ဘာမှာထားခဲပြီး. . .

ဝေးရာက နတ်ဘုရားလက်ထဲ

ဝှက်ရင်း နက္ခတ်တွေရေးလိုက်ချင်ရဲ့

 

လွင့်ဝေသွားတဲ့

ရော်ဝါကြွေတို့ရဲ့ညနက်မှာ

မြေကို ခြွေသလို. . . တဖြုတ်ဖြုတ်စိတ်သုံးစေတော့

ဝိညာဉ်လေးရယ်. ။ ။